ကျောက်ဆိပ်ကျေးရွာအားပုဏ္ဏားကျွန်းမြို့အခြေစိုက်ခမရ-၅၅၀မှလက်နက်ကြီး၊လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်

blog

Date : 21-Jun-2020

Nyo Twan Awng
Nyo Twan Awng

ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ရွာအား ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ-၅၅၀ မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၁၉) ရက်

ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ရွာမှ (၁) ကီလိုမီတာခန့်အကွာအဝေးရှိ ရထားလမ်း နှင့် ကားလမ်းအကြား၌ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၁၉) ရက်နေ့၊ နံနက်(၆) နာရီ(၃၅) မိနစ်မှစတင်ပြီး နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

မိမိတို့အနေဖြင့် တိုက်ပွဲမဖြစ်ပွားလိုသော်လည်း မြန်မာ့တပ်မတော်မှ နေရာအနှံ့အပြား၌ စစ်ဆင်ရေးများကို ပြုလုပ်နေသောကြောင့် ယခုကဲ့သို့မလွဲမရှောင်သာ တိုက်ပွဲဖြစ်ပွားနေရခြင်းဖြစ်သည်။ နာရီဝက်ခန့်ထိတွေ့မှု ဖြစ်ပွားခဲ့ပြီးနောက် ရန်သူသည်ရှေ့ဆက်မတိုးလာဘဲ အဝေးမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တစ်မနက်လုံး နေရာအနှံ့ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခဲ့သည်။

ထို့အတူ ညနေ(၄) နာရီ (၅၅) မိနစ်တွင် မိမိတို့နှင့်ထိတွေ့မှုဖြစ်ပွားခဲ့သော အဆိုပါစစ်ကြောင်း( ပုဏ္ဏားကျွန်းမြို့အခြေစိုက်၊ ခမရ-၅၅၀ )သည် ကျောက်ဆိပ်ရွာအတွင်းရှိ နေအိမ်များအား သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ကျောက်ဆိပ်ရွာမှ ရွာသူရွာသားအများစုမှာ မြန်မာ့တပ်မတော်၏ ဖမ်းဆီးနှိပ်စက်မှုကို ကြောက်လန့်၍ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရသည်မှာ ကာလအနည်းငယ်ရှိပြီဖြစ်သည်။ လက်ကျန်ရွာသူရွာသား(ရွာစောင့် ရွာသူရွာသားများ) မည်ရွေ့မည်မျှရှိ၍ မည်သူများသေနတ်ထိမှန်ခြင်း ရှိ/မရှိကိုလောလောဆယ်မသိရသေးပါ။ 

"ကျောက်ဆိပ်ရွာ"၌ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ(၁၃) ရက်နေ့တွင် မြန်မာ့တပ်မတော်၏ ပုဏ္ဏားကျွန်းအခြေစိုက် (၅၅၀) တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ(၈) ဦးသေဆုံးကာ ဒဏ်ရာရသူ(၁၃) ဦးအထိရှိခဲ့သော ဖြစ်စဉ်ရှိခဲ့သည်။ ထို့အပြင် ကျောက်ဆိပ်ရွာသား(၅) ဦးကိုလည်း မြန်မာ့တပ်မတော်သည် မတရားဖမ်းဆီးခဲ့သည့်အပြင် ပုဒ်မအမျိုးမျိုးတပ်ကာ တရားစွဲဆိုထားသည်။

မြန်မာ့တပ်မတော်သည် လူမျိုးရေးအမုန်းတရားများဖြင့် ရခိုင်ကျေးရွာများကိုလက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဦးတည်ပစ်ခတ်ကာ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိသည်။ 

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this