၂၀၂၀ ပြည့်နှစ်၊ မတ်လ(၃၀) ရက်
၂၀၂၀ ပြည့်နှစ်၊ မတ်လ(၂၉) ရက်နေ့တွင် ဆမီးမြို့မှပလက်ဝမြို့အကြား လာမွေတောင်အနီး၌ကုန်တင်ကားတစ်စီးအား စစ်ရေးအခြေအနေလိုအပ်ချက်အရ ရက္ခိုင့်တပ်တော်မှ စစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် အဆိုပါကားပေါ်၌ ဆန်အိတ်(၁၂၀) သယ်ဆောင်လာသည်ကိုတွေ့ရှိရပြီး မြန်မာ့တပ်မတော်၏ ရိက္ခာဆန်များမဟုတ်ဘဲ အရပ်သားများ၏ဆန်ဖြစ်ကြောင်းသိရှိရသည်။
မိမိတို့တပ်ဖွဲ့ဝင်များမှ ၎င်းဆန်အိတ်(၁၂၀) ထဲမှ (၂၀) အိတ်အား ကာလတန်ဖိုးပေါက်ဈေး ငွေ(၄၀၀၀၀- လေးသောင်းကျပ်) ဖြင့် တန်ကြေးပေးဝယ်ယူခဲ့ပါသည်။ သို့သော်အဆိုပါဆန်အိတ်များကိုယူဆောင်လာသောသူများမှ (၃၂၀၀၀- သုံးသောင်းနှစ်ထောင်ကျပ်) သာပေးချေဟုပြောဆိုသောကြောင့် ဆန်အိတ်(၂၀) အား တစ်အိတ်လျှင် (၃၂၀၀၀) ကျပ်၊ စုစုပေါင်း (၆၄၀၀၀၀- ခြောက်သိန်းလေးသောင်းကျပ်) ပေးချေကာ နှစ်ဦးနှစ်ဖက်အဆင်ပြေသင့်တော်သောအဖိုးအခငွေပေးချေပြီး ဝယ်ယူခဲ့ပါသည်။
သို့သော်လည်း အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒေသနာမည်ခံ "ခူမီးမီဒီယာ"နှင့် KhumiLand News ဖေ့ဘုတ် Page များအပါအဝင် သတင်းမီဒီယာအချို့မှမိမိတို့အဖွဲ့အစည်းအပေါ် မှားယွင်းသောသတင်းအဖြစ်တစ်ဖက်သတ်ပုံဖော်ကာ စွပ်စွဲရေးသားခြင်း၊ ပြောဆိုနေခြင်းများကို တွေ့ရှိရသည်။ အဆိုပါသတင်းမီဒီယာများသည် မိမိတို့အဖွဲ့အစည်းအပေါ် မဟုတ်မမှန်သောသတင်း၊ သတင်းမှန်တစ်ဝက်-သတင်းမှားတစ်ဝက်ဖြင့် ပုတ်ခတ်တိုက်ခိုက်နေခဲ့သည်မှာ ကာလအတန်ကြာခဲ့ပြီဖြစ်သည်။ ရန်သူ၏လက်ကိုင်တုတ်သဖွယ် ရန်သူကိုယ့်စား(သို့မဟုတ်) ရန်သူကိုယ်တိုင် ပြုလုပ်နေသော စိတ်ဓာတ်စစ်ဆင်ရေးနှင့် ဝါဒဖြန့်ချီရေးကဏ္ဍ၏ လုပ်ဆောင်ချက်များသာဖြစ်ပြီး ရန်သူ့မီဒီယာထိုးစစ်၏ လက်တံတစ်ခုသာဖြစ်သည်ဟု သံသယဖြစ်မိပါသည်။
အခြားတစ်ဖက်တွင် ဤကဲ့သို့ သတင်းအမှားများကိုဖော်ပြပြီး လူမျိုးစုအချင်းချင်းအကြား ရန်တိုက်ပေးခြင်း၊ မြှောက်ပင့်ပြီး သွေးခွဲကာသွေးထွက်သံယိုဖြစ်အောင်ပြုလုပ်ခြင်း စသည့်လုပ်ရပ်နှင့် လက်ရာများမှာ မြန်မာ့တပ်မတော်မှ ခေတ်အဆက်ဆက်နှင့် ယနေ့အထိကျင့်သုံးတေသော သွေးခွဲမြှောက်ပင့် ရန်တိုက်ပေးသည့်နည်းလမ်းပင်ဖြစ်သည်။
၎င်းသတင်းအား ဒေသခံနာမည်မီဒီယာများ မှားယွင်းဖော်ပြသည်ကို အခြားသောမီဒီယာတချို့မှ ထပ်မံကိုးကားဖော်ပြနေပြသောကြောင့် မိမိတို့အဖွဲ့အစည်း၏ဂုဏ်သိက္ခာ ကျဆင်းစေပါသည်။ နစ်နာစေပါသည်။သတင်းသမားများ၊ သတင်းမီဒီယာများအနေဖြင့် မှားယွင်းစွာဖော်ပြခဲ့သည်ရှိသော် မှားယွင်းသတင်း၊ အမှားပြင်ဆင်ချက်အဖြစ်ဖော်ပြပေးစေလိုပါသည်။
ကျင့်ဝတ်လိုက်နာသောသတင်း၊ ဘက်မလိုက်ဘဲမျှမျှတတရေးသောသတင်းမီဒီယာများဖြစ်အောင် အားထုတ်ရန်တိုက်တွန်းလိုက်ပါသည်။
သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်