မြန်မာ့တပ်မတော်မှလူမျိုးရေးအမုန်းတရားများဖြင့်ရခိုင်ပြည်သူများအားပစ်မှတ်ထားသတ်ဖြတ်နေသည့်ဖြစ်ရပ်များ

blog

Date : 12-Jun-2020

Nyo Twan Awng

မြန်မာ့တပ်မတော်၏ ဖြတ်လေးဖြတ်စစ်ဆင်ရေးအတွင်း ရခိုင်အရပ်သားပြည်သူလူထုများအား မြန်မာ့တပ်မတော်မှ လူမျိုးရေးအမုန်းတရားများဖြင့် ပစ်မှတ်ထားတိုက်ခိုက်နေခြင်း၊ သတ်ဖြတ်နေခြင်းများအား ကမ္ဘာ့အသိုင်းအဝိုင်းမှ သိရှိစေရန် အသိပေးတင်ပြချက်

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၂) ရက်

"လူမျိုးရေးအမုန်းတရားများကိုအခြေခံသည့် နယ်ချဲ့ကျူးကျော်သူတို့၏ စရိုက်လက္ခဏာအတိုင်း" လူမျိုးရေးအစွန်းရောက် နယ်ချဲ့မြန်မာ့တပ်မတော်သည် ရခိုင်မြို့များ နှင့်ရပ်ရွာများအတွင်းသို့လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တမင်တကာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေခဲ့သည်မှာ အကြိမ်ပေါင်းများစွာ ရှိခဲ့ပြီးဖြစ်သည်။ ဤသည်မှာ မြန်မာ့တပ်မတော်၏ လက်ရဲဇက်ရဲဥပဒေမဲ့ လုပ်လေ့လုပ်ထရှိသည့် လုပ်ဆောင်ချက်များထဲမှတစ်ခုဟု ပြော၍ရသည်။ မြန်မာ့တပ်မတော်၏ ရခိုင်ဒေသအတွင်း၌ ဤကဲ့သို့ယုတ် မာသောလုပ်ရပ်များကို နောက်ဆက်တွဲဇယားများဖြင့် ထပ်မံထုတ်ပြန်ပေးသွားပါမည်။

မြန်မာ့တပ်မတော်၏ ဒေသအခြေစိုက်တပ်ရင်းများ၊ ဗျူဟာစခန်းကုန်းများ၊ လက်နက်ကြီးအထိုင်စခန်းများ နှင့် ရဲတပ်ရင်းစခန်းများအတွင်းမှ နေ့၊ ည အချိန်မရွေးလက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း၊ စစ်သင်္ဘောများပေါ်မှ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်များပေါ်မှ ဗုံးကြဲချခြင်းတို့ကို လုပ်ဆောင်ပြီး ရခိုင်ပြည်သူလူထုများကို သတ်ဖြတ်လျက်ရှိသည်။ နိုင်ငံတကာတရားရုံး၌ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ခြင်း ရှိ/မရှိ သိရှိနိုင်ရန် စစ်ဆေးနေကြသည့်အချိန် ကာလအတောအတွင်း၌ပင် အရပ်သားများ၊ ရပ်ရွာများအား အတင့်ရဲစွာ ဦးတည်ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်သည်။ စစ်ရာဇဝတ်မှုများကို ဗြောင်ကျကျ ထပ်မံကျူးလွန်နေခြင်းပင်ဖြစ်သည်။








လူမျိုးရေးအစွန်းရောက် ဗမာ့လက်နက်ကိုင်တပ်(တပ်မတော်)သည် ရပ်ရွာများအတွင်းသို့ ပစ်ခတ်တိုက်ခိုက်သည့် အကြိမ်တိုင်း၌ နှစ်ဖက်တိုက်ပွဲဖြစ်ပွား၍ (သို့မဟုတ်) ရက္ခိုင့်တပ်တော်မှ လာရောက်တိုက်ခိုက်၍ ထိုသို့ ပစ်ခတ်တိုက်ခိုက်ရသည်ဟု အကြောင်းပြဖြေဆိုလေ့ရှိသည်။ ထိုသို့ဖြေဆိုသည့်အကြိမ်တိုင်းသည် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းအလျဉ်းမရှိဘဲ မြန်မာ့တပ်မတော်မှရပ်ရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တမင်တကာရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက်ခိုက်နေသည့် အကြိမ်များသာဖြစ်သည်။ ကျူးကျော်သူနယ်ချဲ့တို့၏ ယုတ်ညံ့သောဝသီအတိုင်း ဗမာမဟုတ်သောတိုင်းရင်းသားလူမျိုးများ၏ ဒေသအတွင်း၌လုပ်ဆောင်နေခြင်းသာဖြစ်သည်။

ထို့အတူ ရခိုင်ဒေသအတွင်းရှိ မြို့နယ်အသီးသီး၏ ကားလမ်းမနံဘေးရှိ ဒေသခံအခြေစိုက်တပ်ရင်းများ၏ ဝင်ပေါက်ဝများ၊ စစ်ဆေးရေးဂိတ်များမှနေ၍ လမ်းသွားလမ်းလာအပြစ်မဲ့အရပ်သားပြည်သူလူထုများအား ပစ်ခတ်သတ်ဖြတ်နေသကဲ့သို့ မြန်မာ့တပ်မတော်၏ စစ်သင်္ဘောများပေါ်မှ မြစ်ချောင်းနံဘေးတစ်လျှောက်ရှိ ရခိုင်ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စုန်ဆန်ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ ဤကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုများအတွင်း ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူများမှာလည်းမနည်းတော့ပြီဖြစ်သည်။

အနီးစပ်ဆုံးဥပမာအားဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၀) ရက်၊ နေ့လယ် (၁) နာရီ (၁၂) မိနစ်တွင် မြန်မာ့တပ်မတော်၏ ကျောက်တော်အခြေစိုက်၊ ခမရ (၅၃၉) တပ်ရင်းမှ မည်သည့်တိုက်ပွဲမျှဖြစ်ပွားခဲ့ခြင်းမရှိဘဲ ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သောင်းကျန်းပစ်ခတ်၍ အရပ်သား (၁) ဦးထိ ခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အတူ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၀) ရက်၊ နေ့လယ် (၃) နာရီ (၃၇) မိနစ်တွင် မြန်မာ့တပ်မတော်၏ လင်းမြွီတောင်၊ လက်နက်ကြီးစခန်းမှ (၂) ကီလိုမီတာအကွာအဝေးခန့်၌ရှိသော မြောက်ဦးမြို့နယ်၊ လိပ်ဆင့်ပြင်(လိပ်ဆင်းပြင်)ကျေးရွာရှိ နာရေးအခမ်းအနားသို့ လက်နက်ကြီး၊ အကြိမ် (၁၀) ကျော် လူမဆန်စွာပစ်ခတ်တိုက်ခိုက်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၁၁) ရက်နေ့တွင် မြန်မာ့တပ်မတော်၏ စစ်သင်္ဘောပေါ်မှ စစ်တွေမြို့၊ အမြင့်ကျွန်းရွာ အတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့၍ သေဆုံးသူ နှင့် ထိခိုက်ဒဏ်ရာရသူအချို့ရှိခဲ့သည်။ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၁) ရက်နေ့တွင် ပုဏ္ဏားကျွန်း၊ အခြေစိုက်၊ ခမရ (၅၅၀) တပ်ရင်းမှ ပုဏ္ဏားကျွန်းမြို့အတွင်းသို့ ဝင်ရောက်ပြီး အပြစ်မဲ့ အရပ်သားများအား အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခြင်း၊ မြို့အတွင်းဝင်ရောက်ပြီး သေနတ်များပစ်ဖောက်၍ လူထုအားအထိတ်တလန့်ဖြစ်အောင်ပြုလုပ်ခြင်း၊ ၎င်းတို့ပစ်သတ်၍ သေဆုံးနေသောအပြစ်မဲ့ရခိုင်ပြည်သူများကို သက်သေအတုများဖြင့် လိမ်လည်ပြောဆိုခြင်း၊ လက်နက်အားကိုးဖြင့် လူထုအားခြိမ်းခြောက်ခြင်း၊ မြို့ကိုပတ်ဝိုင်း၍ ပြည်သူလူထုအား ပြန်ပေးဆွဲထားသကဲ့သို့ ပြုမှုနေခြင်းစသည်တို့ကိုပြုလုပ်လျှက်ရှိသည်။

အခြားတစ်ဖက်တွင်မြန်မာအစိုးရ နှင့် မြန်မာ့တပ်မတော်ပိုင်သတင်းမီဒီယာများ၊ မြန်မာ့တပ်မတော်မှ စစ်ဗိုလ်ချုပ်ကြီးများ၏ မိသားစုတို့ပိုင်ဆိုင်သော သတင်းမီဒီယာများ၊ ၎င်းတို့၏ကျောထောက်နောက်ခံ သတင်းမီဒီယာများသည် သတင်းအမှားများ၊ တစ်ဖက်သတ်သတင်းများ၊ ဘက်လိုက်ရေးသားသောသတင်းများ၊ ထိန်ချန်သတင်းများဖြင့် မိမိတို့အဖွဲ့အစည်းအား အပြစ်ပုံချသော အရေးအသားများဖြင့် ရေးသားကာ နိုင်ငံတကာတွင်မိမိတို့၏ ပုံရိပ်ကျဆင်းစေရန်၊ အထင်အမြင်လွဲမှားစေရန် စနစ်တကျ ဝါဒဖြန့် လုပ်ဆောင်လျက် ရှိသည်။ ထို့အပြင် မြန်မာ့တပ်မတော်ကျူးလွန်ထားသည့် ပြစ်မှုများနှင့် အပြစ်များကို ဖုံးဖိပေးကာ အရပ်သားပြည်သူလူထုများ၏ နစ်နာချက်များကို ပျောက်ကွယ်အောင် ပြည်တွင်းသတင်းမီဒီယာ အချို့သည်လည်း ဝိုင်းဝန်းလုပ်ဆောင်လျက်ရှိသည်။

ပြည်တွင်းသတင်းမီဒီယာသမားများကို အမျိုးမျိုးသော ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှုများဖြင့် သတင်းမှန်များကို မဖော်ပြရဲအောင် မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော်တို့မှ ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။ မြန်မာအစိုးရပိုင် သတင်းမီဒီယာများ၊ Facebook ကဲ့သို့သောဆိုရှယ်မီဒီယာကို ထိန်းချုပ်ထားရုံသာမက ရခိုင်ဒေသ အတွင်း၌ ဆက်သွယ်ရေးအင်တာနက်လိုင်းများကို နှစ်ချီကြာမြင့်သည်အထိ ဖြတ်တောက်ထားကာ သတင်းအမှောင် ချထားဆဲဖြစ်သည်။ မြန်မာ့တပ်မတော်မှလည်းပြည်တွင်း၊ ပြည်ပမီဒီယာသမားများကို သတင်းမယူရဲအောင် မသမာသောနည်းလမ်းများဖြင့် တားမြစ်ပိတ်ပင်ထားသောကြောင့် ရခိုင်ပြည်အတွင်း အဖြစ်အပျက်များမှာ အမှန်တရားများပျောက်ဆုံးလျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သောအစိုးရနှင့် မြန်မာ့တပ်မတော်တို့သည် ကျိုးကြောင်းဆီလျော်မှုမရှိသော တစ်ဖက်သတ်စွပ်စွဲချက်များဖြင့် တစ်ဖက်သတ်ပြောဆိုလျက်ရှိသည်။ မြန်မာ့တပ်မတော်၏အပြစ်အား ဖုံးဖိကာကွယ်ပေးရုံသာမက မြန်မာ့တပ်မတော်မှကျူးလွန်နေသောပြစ်မှုများကို တစ်ဖက်အဖွဲ့အစည်းထံ အပြစ်ပုံချရန်လည်း နေ့စဉ်နေ့တိုင်းကြိုးစားလျက်ရှိသည်။ မဟုတ်မမှန်လုပ်ကြံထားသောသတင်းများကို အိမ်နီးနားချင်းနိုင်ငံများသို့ ပေးပို့ပြီး ရခိုင်လူမျိုးများနှင့်  မိမိတို့အဖွဲ့အစည်းအား ဘက်ပေါင်းစုံမှ အကျပ်အတည်းဖြစ်အောင် မြန်မာအစိုးရနှင့်မြန်မာ့တပ်မတော်တို့ပူးပေါင်းကာ ကြိုးစားဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် အိမ်နီးနားချင်းနိုင်ငံများ၊ နိုင်ငံတကာအနေဖြင့် မြန်မာအစိုးရမှ မိမိတို့အဖွဲ့အစည်းနှင့်ပတ်သက်၍ ပေးပို့နေသော မဟုတ်မမှန်သတင်းနှင့် သတင်းအမှားများကို ချင့်ချိန်၍ယုံကြည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဒေသခံပြည်သူလူထုများ၊ စစ်ဘေးရှောင်ပြည်သူလူထုများ၊ စစ်ပွဲများကြောင့်မဟုတ်ဘဲ မြန်မာ့တပ်မတော်၏ သတ်ဖြတ်မှု၊ ဖမ်းဆီးမှုဒဏ်မှ တိမ်းရှောင်နေကြရသည့် ရွာသူ၊ ရွာသားများမှာ မြန်မာ့တပ်မတော်၏ ဖြတ်လေးဖြတ်စစ်ဆင်ရေးကြောင့် အခြေခံစားသောက်ကုန်များဖြစ်ကြသော ဆန်၊ ဆီ၊ ဆား၊ ဆေးဝါးရိက္ခာများ ပင်လျှင် များစွာအခက်အခဲဖြစ်လျက်ရှိသည်။ ကိုရိုနာကူးစက်ရောဂါ တိုက်ဖျက်ရေးကာလ နှင့် မိုးရာသီကာလအတွင်း၌ ပိုမိုအခက်အခဲကျရောက်လျှက်ရှိပါသည်။ ဤသည်မှာ မိမိတို့ကြောင့်မဟုတ်ဘဲ မြန်မာ့တပ်မတော်၏ ဖြတ်လေးဖြတ်စစ်ဆင်ရေးကြောင့်သာဖြစ်သည်။

မြန်မာ့တပ်မတော်သည် ရခိုင်ပြည်သူလူထုများအား ပုံစံအမျိုးမျိုးဖြင့် မတရားသတ်ဖြတ်နေသည့်အပြင် အကြမ်းဖက်လုပ်ရပ်များကိုလုပ်ဆောင်ပြီး ရခိုင်လူထုအတွင်း အကြောက်တရားများကိုဖန်တီးလျက်ရှိသည်။ ရခိုင်ပြည်သူလူထုတစ်ရပ်လုံးကို ဦးတည်ပစ်မှတ်ထားကာ အကြမ်းဖက်တိုက်ခိုက်သောလုပ်ရပ်၊ မြို့အတွင်း၌ ပြည်သူလူထုများ၏ရှေ့တွင် အပြစ်မဲ့ပြည်သူများအား ပစ်ခတ်သတ်ဖြတ်သောလုပ်ရပ်၊ လူမျိုးတစ်မျိုးလုံး၏ အနာဂတ်တည်တံ့မှုကို ခြိမ်းခြောက်သောလုပ်ရပ်၊ လူမျိုးတုန်းသတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ကြိုးစားအားထုတ်သည့်လုပ်ရပ်များကို လုပ်ဆောင်နေသော မြန်မာ့တပ်မတော် ၏ ရက်စက်ရိုင်းပြသော လုပ်ရပ်များကို ယဉ်ကျေးသော ကမ္ဘာ့အသိုင်းအဝိုင်းမှသိရှိစေရန် လေးစားစွာဖြင့် အသိပေးအပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this