၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁၃/၁၄/၁၅)ရက်၊ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 15-Mar-2020

Nyo Twan Awng

ပလက်ဝမြို့နယ်၊မီးဝဗျူဟာကုန်းပတ်ဝန်းကျင်၌၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၅) ရက်နေ့မှစတင်ပြီး တိုက်ပွဲဖြစ်ပွားနေခဲ့သည်မှာ မတ်လ(၁၅) ရက်နေ့ဆိုလျင် ရက်ပေါင်း(၄၀) နီးပါးအထိရောက်ရှိလာခဲ့ပြီးဖြစ်သည်။ 

ဗျူဟာကုန်းပတ်ဝန်းကျင်၌သာမက ၎င်းဗျူဟာကုန်းသို့စစ်ကူပေးရန်လာသော  မြန်မာ့တပ်မတော်၏စစ်ကြောင်းများနှင့် ရက္ခိုင့်တပ်တော်တို့သည် ကျောက်တန်း၊မုန့်သန်းပြင်၊ ပြိုင်းတိုင်ပတ်ဝန်းကျင်များ၌တိုက်ပွဲများနေ့တိုင်းဖြစ်ပွားခဲ့ပြီး တစ်ရက်ထက်တစ်ရက်ဆက်လက်ဖြစ်ပြင်းထန်နေခဲ့သည်။ ထို့အတူ ရသေ့တောင်ပုဏ္ဏားကျွန်း၊ ကျောက်တော်မြို့နယ် များအတွင်း၌ လည်း ရံဖန်ရံခါတိုက်ပွဲများရှိခဲ့သည်။

မြန်မာ့တပ်မတော်သည် ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်၊ လက်နက်ကြီးပစ်ကူများ၊အတွဲလိုက်ဒုံးများဖြင့် တစ်လှည့်စီ(သို့မဟုတ်) တပြိုင်နက်တည်းနေ့တိုင်းပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ယခုရက်များအတွင်း မြန်မာ့တပ်မတော်၏ လေကြောင်း နှင့် လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ရွာအတွင်းရှိသောလူနေအိမ်အားလုံးနီးပါးမီးလောင်ပျက်စီးခဲ့သည်။ အရပ်သားအမြောက်အမြားဒဏ်ရာရခြင်း၊ သေဆုံးခြင်းများနေ့တိုင်းဖြစ်ပေါ်ခဲ့သည်။ 

အခြားတစ်ဖက်တွင် တပ်မ(၇၇) လက်အောက်ခံ၊ ခမရ(၇) တပ်ရင်းတစ်ရင်းလုံးအထိနာသကဲ့သို့ စကခ (၉) လက်အောက်ခံ တပ်ရင်း၊ ကျောက်တော်အခြေစိုက်၊ ခမရ(၃၇၅)တပ်ရင်းသည်လည်း အထိအခိုက်အကျအဆုံးများနေသောကြောင့် လူမျိုရေးအမုန်းတရားများဖြင့် ကျေးရွာများကိုရည်ရွယ်ချက်ရှိရှိဖြင့်ဦးတည်ထားတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများကို ဗြောင်ကျကျကျုးလွန်လျက်ရှိခဲ့သည်။

မြန်မာ့တပ်မတော်၏ အတွဲလိုက်ဒုံး၊လက်နက်ကြီး၊ ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့်စုပြုံပစ်ခတ်တိုက်ခိုက်နေသည့်ကြားမှ အဆိုပါစစ်ကြောင်းအားရက္ခိုင့်တပ်တော်မှ အပြတ်အသတ် ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သည်။ 

(၁)၂၀၂၀ ပြည့်နှစ်၊မတ်(၁၃) ရက်နေ့တွင် စစ်အင်အားဖြည့်တင်းနေသော မြန်မာ့တပ်မတော်၏ စစ်ကား(၁၈) စီးပါ စစ်ယာဉ်တန်းအား မင်းပြား-ကျောက်တော်-မြောက်ဦးကားလမ်းမတောက်လျောက်ဖြတ်တောက်တိုက်ခိုက်ခဲ့သည်။ စစ်ကား(၃) စီးပျက်စီးခဲ့ပြီး ရန်သူအချို့သေဆုံး နှင့်ဒဏ်ရာရသူများရှိခဲ့သည်။ထို့နောက်ရန်သူသည် ကားလမ်း၏ဝဲယာနံဘေးလက်နက်ကြီး၊လက်နက်ငယ်များဖြင့် လူမျိုးရေးအမုန်းတရားဖြင့်တောက်လျောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့်အရပ်သားအချို့သေဆုံး၊ဒဏ်ရာရရှိသူများရှိခဲ့သည့်အပြင် တိမ်ညိုတိုက်နယ်ဆေးရုံအတွင်း လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်မှုကြောင့် ဆေးရုံအတွင်းရှိ လူနာစောင့် သက်ကြီးပိုင်းအမျိုးသမီး(၁) ဦး နှင့် ကလေးငယ်တစ်ဦးသေဆုံးခဲ့ရသည်။

မတ်လ(၁၃/၁၄/၁၅) ရက်များအတွင်း မြန်မာ့တက်မတော်၏ လေကြောင်းမှ ဂျက်တိုက်လေယာဉ်ဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား(၁၀) ကျော်သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း(၁၀) ကျော်ရှိခဲ့သည်။

တိုက်ပွဲအတွင်း ထူးချွန်ပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သော အာရက္ခစစ်သည်တော်များ နှင့် တိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပေးဆပ်စွန့်လွှတ်ခဲ့ကြသော သူရဲကောင်းစစ်သည်တို့အား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

ရခိုင်ဒေသအတွင်းနေထိုင်ကြသောပြည်သူလူထုများအား တမင်တကာရည်ရွယ်ချက်ရှိရှိဖြင့်ပစ်ခတ်တိုက်ခိုက်နေသော မြန်မာ့တပ်မတော်၏တပ်ရင်း၊ တပ်ဖွဲ့များကို လက်တုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်သည်။

မြန်မာ့တပ်မတော်အနေဖြင့် လူအင်အား၊ လက်နက်အင်အားများကိုထပ်မံဖြည့်တင်းနေသောကြောင့် နောက်နေ့ရက်များ၌လည်း ယခုကဲ့သို့ တိုက်ပွဲများထပ်မံပြင်းထန်နေအုံးမည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this