၂၀၂၀ ပြည့်နှစ်၊ မတ်လ(၂၃) ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 23-Mar-2020

Nyo Twan Awng

၂၀၂၀ ပြည့်နှစ်၊ မတ်လ(၂၃) ရက်၊နံနက်(၆) နာရီမှ စတင်ပြီး မင်းပြားမြို့နယ်၊ ကမ်းနီ၌တည်ရှိသော အမှတ်(၉) တိုင်းဗဟိုလေ့ကျင်းရေးကျောင်း(တန်းမြင့်လေ့ကျင့်ရေးကျောင်း) အားရက္ခိုင့်တပ်တော်မှ လျှပ်တပြက်စီးနင်းဝင်ရောက်တိုက်ခိုက်ခဲ့သည်။

စစ်ရာဇဝတ်နယ်ချဲ့အကြမ်းဖက် မြန်မာ့တပ်မတော်မှ ကျောက်တော်မြို့နယ်အတွင်းရှိ တင်းမ၊ မုန့်သန်းပြင်၊ မီးဝ၊ ကျောက်တန်းအစရှိသောရွာများကို တစ်ရွာပြီးတစ်ရွာမီးရှို့ဖျက်ဆီးနေသောကြောင့်လက်တုံ့ပြန်သည့်အနေဖြင့်ယခုကဲ့သို့တိုက်ခိုက်ခြင်းဖြစ်သည်။

ထို့အပြင် ရန်သူသည်ဤစခန်းမှနေ၍ ရခိုင်ကျေးရွာများအတွင်းသို့လက်နက်ကြီးများဖြင့် နေ့ညအချိန်မရွေး ပစ်ခတ်တိုက်ခိုက်နေသောကြောင့်လည်းပြည်သူလူထုကိုယ်စားလက်တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်သည်။ ဆက်လက်၍လည်း ပြည်သူလူထုများအား လက်နက်ကြီး၊လက်နက်ငယ်များဖြင့် လူမျိုးရေးအမုန်းတရားများဖြင့်သတ်ဖြတ်နေသော မြန်မာ့တပ်မတော်၏ တပ်ရင်းများ၊ စခန်းများကို ဆက်လက်တုံ့ပြန်လက်စားချေတိုက်ခိုက်သွားမည်ဖြစ်သည်။

မိမိတို့ရည်မှန်းထားသောတိုင်းဗဟို(၉) လေ့ကျင့်ရေးကျောင်းမှ ပစ်မှတ်ကြီးများအားအချိန်တိုတိုအတွင်းထိရောက်အောင်တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ရာဇဝတ်တပ်ဖွဲ့၏အဆောက်အအုံများအားမီးရှို့ဖျက်ဆီးခဲ့သည်။ လက်နက်ခဲယမ်းအချို့နှင့် သုံ့ပန်း(၁) ဦးဖမ်းဆီးရမိခဲ့သည်။ ရန်သူ(၂၀) ဦးခန့်အားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ ထို့ထက်လည်းပိုမိုများပြားနိုင်သည်။



မြန်မာ့တပ်မတော်၏ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် အဆက်မပြတ်တစ်နေ့လုံးနီးပါးဗုံးကြဲတိုက်ခိုက်နေသောကြောင့် လက်နက်တိုက်အား မသိမ်းပိုက်နိုင်ခဲ့သော်လည်း စခန်းတစ်ခုလုံး၏ နေရာအများစုအားခေတ္တယာယီသိမ်းပိုက်ထားနိုင်ခဲ့သည်။ ထို့အတူ လက်နက်ကြီးများဖြင့်လည်းပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ရန်သူ့လက်နက်ကြီးကျည်ဆံအချို့မှာကျေးရွာများအတွင်းကျရောက်ပေါက်ကွဲ၍ အရပ်သားများထိခိုက်ဒဏ်ရာရမှုရှိခဲ့သည်။

ရက္ခိုင့်တပ်တော်မှ အာရက္ခစစ်သည်တော်အချို့ ဤလက်တုံ့ပြန်တိုက်ခိုက်မှုအတွင်းအသက်၊ခန္ဓာပေးဆပ်စွန့်လွှတ်ခဲ့ရသည်။ လက်နက်ခဲယမ်းအချို့ဆုံးရှုံးမှုရှိသည်။ သတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်နိုင်ခဲ့သော အာရက္ခစစ်သည်တော်များအားလေးလေးနက်နက်မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်


Share on social

You may also like this