၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂၆)ရက် ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 26-Feb-2020

Nyo Twan Awng

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ(၂၆) ရက်နေ့တွင် ပလက်ဝ၊ ကျောက်တော်၊အမ်း၊ မြေပုံမြို့နယ်များအတွင်း၌တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည့်အပြင် ယမန်နေ့ကတိုက်ပွဲဖြစ်ပွားခဲ့သောနေရာအချို့၌ ကြိုကြားကြိုကြားတိုက်ပွဲငယ်များဆက်လက်ရှိနေခဲ့သည်။ ဖေဖော်ဝါရီ(၂၆) ရက်နေ့တွင်လည်း ရန်သူ(၁၀) ဦးအထက်အား ရက္ခိုင့်တပ်တော်မှ ထပ်မံသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။

ဖေဖော်ဝါရီ(၅) ရက်နေ့မှစတင်ဖြစ်ပွားခဲ့သောရန်သူ့ဗျူဟာကုန်းပတ်ဝန်းကျင်၌ရက်ဆက်တိုက်ပွဲဖြစ်ပွားနေခဲ့သည်မှာယနေ့ ဖေဖော်ဝါရီလ(၂၆) ရက်နေ့လျှင်(၂၁) ရက်မြောက်နေ့သို့ရောက်ရှိလာခဲ့ပြီဖြစ်သည်။ သို့သော်လည်းယခင်နေ့ရက်များကဲ့သို့ ဗျူဟာကုန်းပတ်ဝန်းကျင်၌ အပြန်အလှန်ထိုးစစ်တိုက်ပွဲများမှာကြီးကြီးမားမားဖြစ်ပွားခဲ့ခြင်းမရှိဘဲ ရန်သူ၏ စစ်ကူစစ်ကြောင်းများနှင့် ရက္ခိုင့်တပ်တော်၊ဖြတ်တောက်ရေးစစ်ကြောင်းတို့သည် နေရာအချို့၌တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်။ 



(၁) မြေပုံမြို့နယ်၊စညှင်းရွာ၏ (၄.၄) ကီလိုမီတာအကွာအဝေးရှိတောင်တန်းပေါ်တွင် ယမန်နေ့များကတိုက်ပွဲဖြစ်ပွားခဲ့သောနေရာများကိုသာမကတိုက်ပွဲဖြစ်ပွားခြင်းမရှိသောနေရာများကိုပါ ရဟတ်ယာဉ်(၂) စီး၊ ဂျက်တိုက်လေယာဉ်(၂) စီးဖြင့်တစ်နာရီသုံးဆယ်မိနစ်ကျော်ကြာလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့အတူ အတွဲလိုက်ဒုံးများဖြင့်လည်း ညနေ(၆) နာရီခန့်တွင်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 

တပ်မ(၆၆) လက်အောက်ခံ၊ စမွယ်အခြေစိုက်၊ခမရ(၁၀) သည် မိမိတို့ရှိရာနေရာသို့ ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့်ရက်ဆက်တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယမန်နေ့ကလည်း ဤနေရာဝန်းကျင်၌တိုက်ပွဲများရှိခဲ့သည်။

တပ်မ(၆၆) လက်အောက်ခံ၊ခမရ(၁၀) ထံမှ ရန်သူ့အလောင်းအချို့ နှင့် စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်း၊ စာရွက်စာတမ်းအချို့အားယနေ့တွင်လည်းဒုတိယနေ့အဖြစ်မိမိတို့မှသိမ်းဆည်းရမိခဲ့သည်။




(၂)ကျောက်တော်မြို့နယ်၊ တင်းမရွာအရှေ့ဖက်၊(၇၀၀) မီတာအကွာအဝေး၊ နံနက်(၈) နာရီ(၂၀) မိနစ်၊ အင်အား (၁၀၀) ကျော်ပါရှိသော ရန်သူ့စစ်ကြောင်းနှင့်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူ(၄) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။

(၃) ပလက်ဝမြို့နယ် နှုန်းဘူး၊ အနောက်ဖက်တောင်ကြော၌ ဖေဖော်ဝါရီလ(၂၆) ရက်၊နံနက်(၉) နာရီ(၅၀) မိနစ်တွင် မိနစ်အနည်းငယ်ကြာထိတွေ့တိုက်ခိုက်မှုအတွင်း ရန်သူ(၄) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ ရန်သူ့ဖက်မှ ဒဏ်ရာရရှိသူ(၅) ဦးထပ်မံရှိခဲ့သည်။

(၄) ပလက်ဝမြို့နယ်၏ပိန္နဲတပင်ရွာ အနောက်တောင်ဖက်(၄.၃) ကီလိုမီတာအကွာအဝေးရှိ ပွိုင့် (၉၆၉) တောင်ကုန်း၌ ရန်သူသည် ရဟတ်ယာဉ်(၃) စီးဖြင့် ရိက္ခာ၊လက်နက်ခဲယမ်း၊ လူအင်အားများကို ဖြည့်တင်းခြင်း နှင့် ယခင်နေ့ရက်များ၌ဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်း သေဆုံးသူနှင့် ဒဏ်ရာရရှိသူများကိုသယေ်ဆာင်ရန်ကြိုးစားနေသည်များကိုတွေ့ရှိရသည်။ ထိုသို့ ပြုလုပ်နေစဉ်အတွင်း ရန်သူသည်လက်နက်ကြီးများဖြင့် နေရာအနှံ့ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ 

ယနေ့ဖြစ်ပွားခဲ့သောတိုက်ပွဲ(၄) နေရာအတွင်း မိမိတို့ဖက်မှ အထိအခိုက်၊ အကျအဆုံး နည်းပါးစွာဖြင့်တိုက်ခိုက်နိုင်ခဲ့သည်။

သတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သော အာရက္ခစစ်သည်တော်များ နှင့် ရဲဝံ့စွာတိုက်ပွဲဝင်ရင်းတိုင်းပြည်နှင့်လူမျိုးအတွက် အသက်၊ခန္ဓာ၊ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရသော အာရက္ခစစ်သည်တော်များအား လေးနက်စွာဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ 

နောက်ထပ်တိုက်ပွဲများ နှင့်တိုက်ပွဲနောက်ဆက်တွဲများရှိပါကဆက်လက်တင်ပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this