၂၀၂၀ ပြည့်နှစ်၊ မတ်လ(၃)ရက်၊အင်္ဂါနေ့၊ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 03-Mar-2020

Nyo Twan Awng

(၁) မတ်လ(၂) ရက်၊ ည(၁၂) နာရီ(၂၀) မိနစ်တွင် ရသေ့တောင်မြို့နယ်၊ ရွှေလောင်းတင်ရွာ တောင်ဘက် (၁) ကီလိုမီတာ အကွာအဝေးခန့်၌ စစ်အင်အားဖြည့်တင်းခြင်း၊ ရိက္ခာ၊လက်နက်ခဲယမ်းများသယ်ယူပြောင်းရွေ့ခြင်းလုပ်ငန်းများကို ခိုးကြောင်ခိုးဝှက်လုပ်ဆောင်နေသော မြန်မာ့တပ်မတော်၏ စစ်သဘောၤ(ဇက်) ၂ စီး၊ စက်သေနတ်တပ်ဆင်ထားသော အမြန်ရေယာဉ်ငယ်(၁) စီးတို့ပါဝင်သော စစ်ရေယာဉ်အုပ်စုတစ်ခုအား ရက္ခိုင့်တပ်တော်မှ စစ်ရေးလိုအပ်ချက်အရ မိနစ်(၃၀) ခန့်တိုက်ခိုက်ခဲ့သည်။ ထို့နောက်ရန်သူသည် စစ်သဘောၤများပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နေရာအနှံ့ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ အထိအခိုက်အကျအဆုံးကိုမသိခဲ့ရပါ။

(၂) မတ်လ(၃) ရက်၊ နံနက်(၆) နာရီ(၂၀) မိနစ်တွင် ပလက်ဝမြို့နယ်၊ မီးချောင်းတံတားအနီး မြန်မာ့တပ်မတော်၏ လက်နက်ကြီးပစ်ကူပေးနေသောအမြောက်စခန်း(ဗျူဟာကုန်း)  ၏ အနောက်မြောက်ဖက် တွင် တစ်နာရီကျော်ကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ ရန်သူ့အလောင်း(၁) လောင်း နှင့် လက်နက်ခဲယမ်းအချို့အားသိမ်းဆည်းရမိခဲ့သည်။ ရန်သူသည် ညသန်းခေါင်အချိန်များ၌ ဂျက်တိုက်လေယာဉ်များဖြင့် လာရောက်တိုက်ခိုက်ပြီးနောက် ယနေ့နံနက်တွင် နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

(၃) နေ့လည်(၀၂) နာရီခန့်အချိန်တွင် ရန်သူသည် တိုက်ဂျက်လေယာဉ်(၂) စီးဖြင့် ယခင်ထက်ပေါက်ကွဲအားပိုမိုပြင်းထန်သောဗုံးများဖြင့် "မီးချောင်း" ပတ်ဝန်းကျင်အား(၃) ကြိမ်တိုင်တိုင်လာရောက်ဗုံးကြဲချတိုက်ခိုက်ခဲ့သကဲ့သို့ စက်သေနတ်များ၊ ရော့ကတ်များဖြင့်လည်း  မိနစ်(၄၀) ခန့်လေကြောင်းမှလှည့်ပတ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။


သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this