သတင်းထုတ်ပြန်ချက်

blog

Date : 03-Dec-2023









သတင်းထုတ်ပြန်ချက်

 

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်

 

ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အခိုင်အမာ အထိုင်ချပြီး အနီးအနားဒေသခံ ပြည်သူလူထုများနှင့် မိမိတို့အား လက်နက်ကြီးများဖြင့် နှစ်ရှည်လများ ဒုက္ခပေးနေခဲ့သော "တရွန်အိုင်ဗျူဟာ”နှင့် “နှုံးဘူးဗျူဟာ” စခန်းကုန်းကြီးနှစ်ခုစလုံးအား ရက္ခိုင့်တပ်တော်မှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့ တစ်ရက်တည်း၌ ရှေ့ဆင့်နောက်ဆင့်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

 

အဆိုပါ ဗျူဟာကုန်းကြီးနှစ်ခုစလုံးအား မိမိတို့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုသည် ယနေ့ဆိုလျှင် ရက်ပေါင်း (၂၀) တင်းတင်းပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ထိုးစစ်အရှိန်သည်လည်း တဖြည်းဖြည်းမြင့်တက်လျက်ရှိပြီး ရန်သူ၏ အပြင်းအထန် ခုခံစစ်မှာလည်း အမြင့်ဆုံးအချိန်သို့ ရောက်ရှိလာကာ ယနေ့တစ်ရက်တည်းတွင်ပင် ရန်သူသည် ဂျက်တိုက်လေယာဉ်၊ Mi35Y 8Y 12 တို့ဖြင့် လေကြောင်းပစ်ကူ အကြိမ်အရေအတွက် (၃၀) ကျော်အထိ ရှိခဲ့သည်။

 

ညနေ (၆) နာရီ (၃၈) မိနစ်တွင် စစ်ကောင်စီသည် Chemical Warfare Agents ဓာတုဓာတ်ငွေ့ပါသော ဗုံးများကို အသုံးပြုပြီး ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် လာရောက်တိုက်ခိုက်ခဲ့သည်။ ရန်သူသည် ဤကဲ့သို့သော ဓာတုဓာတ်ငွေ့ပါသောဗုံးဖြင့်တိုက်ခိုက်မှုမျိုးကို ရှမ်းမြောက်ဒေသအတွင်း ၁၀၂၇ စစ်ဆင်ရေး၏ အထိနာသော ကာလမျိုးတွင် သုံးစွဲခဲ့ဖူးသည်။

 

ယနေ့သည် မိမိတို့၏ ထိုးစစ်မှာ အမြင့်ဆုံးဖြစ်သကဲ့သို ရန်သူ့ဘက်မှလည်း လေကြောင်းပစ်ကူ အများဆုံးနေ့ဖြစ်သည်။ ရက္ခိုင့်တပ်တော်အနေဖြင့် အဆိုပါ ဗျူဟာကုန်း (၂) ခုစလုံးအား အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ကို ဆက်လက်အရှိန်မြှင့်တင်သွားမည်ဖြစ်သည်။

 

စစ်ရေးအရ နိုင်ငံအနှံ့နေရာတိုင်းတွင် အထိနာနေသောစစ်ကောင်စီတပ်သည် ၎င်းတို့အထိနာတိုင်း ပြုလုပ်နေကျလုပ်ရပ်များဖြစ်သော စစ်ဆင်ရေးပစ်မှတ်မဟုတ်သော အနီးအနားရှိ ပြည်သူများနေထိုင်သည့် ကျေးရွာများကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ရပ်ရွာများကို မီးရှို့  ဖျက်ဆီးခြင်း၊ အပြစ်မဲ့အရပ်သားပြည်သူများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းစသည့်စစ်ရာဇဝတ်မှုများကို တစ်ခုပြီးတစ်ခု ဆက်တိုက် ကျူးလွန်လျက်ရှိသည်။

 

ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ယခုကဲ့သို့သော စစ်ရာဇဝတ်မှုကျူးလွန်နေသော မှတ်တမ်းများကို ရဲရဲဝံ့ဝံ့အမိအရရိုက်ကူးမှတ်တမ်းတင်ထားကာ နီးစပ်ရာ အာရက္ခပြည်သူ့အစိုးရအဖွဲဝင်များထံသို့ ပေးပို့ကြရန် တိုက်တွန်းလိုက်သည်။

 

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့တွင်လည်း စစ်ကောင်စီတပ်သည် ပေါက်တောမြို့ကို ကြည်း၊ ရေ၊ လေ သုံးခုပေါင်းကာ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်လျက်ရှိပြီး ပေါက်တောမြို့တွင်းတိုက်ပွဲသည်လည်း အရှိန်မြင့်လျက်ရှိသည်။

 

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်၊ မွန်းလွဲ (၂) နာရီခန့်အချိန်တွင် ပုဏ္ဏားကျွန်းမြို့နယ် "ရဲရိုးပြင်ကျေးရွာ"အား အကြမ်းဖက်စစ်ကောင်စီတပ်တစ်ခုဖြစ်သော ခလရ (၂၇၀) တပ်ရင်းမှ တိုက်ပွဲတစုံတရာဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာအတွင်းဝင်ရောက်ကာ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး မီးရှိဖျက်ဆီးခဲ့သည့်အပြင် အပြစ်မဲ့ဒေသခံရွာသားတချို့အား ဖမ်းဆီးခဲ့သည်။

 

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်၊ ညနေ (၄) နာရီခန့်အချိန်တွင် ပုဏ္ဏားကျွန်းမြို့နယ် "ခမောင်းတောကျေးရွာ" အား ခလရ (၂၇၀) တပ်ရင်းမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ထပ်မံမီးရှို့ခဲ့သည်။

 

ထို့အပြင် စစ်ကောင်စီတပ်သည် စပါးရိတ်သိမ်းနေသော တောင်သူလယ်သမားများအား လေကြောင်းမှ တမင်တကာ ရည်ရွယ်ချက်ရှိရှိပစ်ခတ်တိုက်ခိုက်ခြင်း၊ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့ရှိ ဈေးများကိုမီးရှိခြင်း၊ ညအချိန်များတွင် ရပ်ရွာများကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် ရပ်ရွာများကို ဗုံးကြဲခြင်း အစရှိသည့် စစ်ရာဇဝတ်မှုများကို အစီစဉ်ချပြီး တစ်နေ့ထက်တစ်နေ့ ထပ်မံကျူးလွန်လျက်ရှိသည်။

 

ရက္ခိုင့်တပ်တော်အနေဖြင့် အာရက္ခပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ဖျက်ဆီးခဲ့သော စစ်ကောင်စီ၏ တပ်ဖွဲ့၊ တပ်ရင်း၊ တပ်မများကို နေ့ရက်အလိုက် ဖြစ်စဉ်ဖြစ်ရပ်များဖြင့် စနစ်တကျ သေချာစွာ မှတ်တမ်းတင်ထားပြီး ၎င်းတို့အား အမြန်ဆုံး လက်တုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်သည်။

 

#AAInfoDesk


Share on social

You may also like this

blog 25-Apr-2024

SACနှင့်၎င်းလက်အောက်ခံARSA,ARA,RSOတို့မီးရှို့မှုက . . .