ခလရ(၈၀)မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားအချို့ ထိခိုက်သေဆုံး၊ ဒဏ်ရာရ

blog

Date : 27-Jun-2020

Nyo Twan Awng

တပ်မ (၆၆) လက်အောက်ခံတပ်ရင်း၊ ခလရ (၈၀) မှ အမ်းမြို့နယ်၊ ဒလက်ချောင်းအတွင်းကျေးရွာများအား မည်သည့်တိုက်ပွဲမျှ မဖြစ်ပွားဘဲ လူမျိုးရေးအမုန်းတရားများကိုအခြေခံ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားအချို့ ထိခိုက်သေဆုံး၊ ဒဏ်ရာရ

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၇) ရက်

နယ်ချဲ့ကျူးကျော်သူတပ်ဖွဲ့ မြန်မာ့တပ်မတော်၏ တပ်မ (၆၆) လက်အောက်ခံတပ်ရင်းများသည် အမ်းမြို့နယ်ရှိကျေးရွာများအတွင်းသို့ မည်သည့်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများကို နေ့၊ ည အချိန်မရွေး ရည်ရွယ်ချက်ရှိရှိပစ်ခတ်တိုက်ခိုက်နေခဲ့သည်မှာ ကာလအတန်ကြာခဲ့ပြီဖြစ်သည်။ စစ်ရာဇဝတ်မှုများကိုလည်း ပိုမိုအတင့်ရဲစွာ ဗြောင်ကျကျ ကျူးလွန်လျက်ရှိသည်။

မြန်မာ့တပ်မတော်မှ ပစ်ခတ်တိုက်ခိုက်နေသည့် လက်နက်ကြီးကျည်များမှာ ရပ်ရွာများအတွင်း ကျရောက်ပေါက်ကွဲလျက်ရှိသောကြောင့် ရွာအချို့မှာ ရွာလုံးကျွတ်တိမ်းရှောင်နေကြရသည်။

၂၀၂၀ ပြည့်နှစ်၊ဇွန်လ(၂၆) ရက်၊ ည(၇) နာရီခန့်အချိန်တွင် အမ်းမြို့နယ်၊ နတ်မော်ကျေးရွာ၏ အရှေ့မြောက်ဖက်၊ မီတာ(၉၀၀) ခန့်အကွာအဝေးရှိတောင်ကုန်းတွင် တပ်စွဲထားသော စစ်ရာဇဝတ်တပ်ဖွဲ့ မြန်မာ့တပ်မတော်၏ တပ်မ(၆၆) လက်အောက်ခံ၊ ခလရ(၈၀) မှ လက်နက်ကြီးများဖြင့် နတ်မော်ကျေးရွာအတွင်း လူမျိုးရေးအမုန်းတရားများဖြင့် တမင်တကာရည်ရွယ် ချက်ရှိရှိပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဤကဲ့သို့ ခလရ(၈၀) မှ လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်မှုကြောင့် နတ်မော်ကျေးရွာမှ အသက်(၆၅) နှစ်အရွယ် ဦးဘမောင် နှင့် အသက်(၄၉) နှစ်အရွယ် ဦးညွန့်အေးတို့မှာ မြန်မာ့တပ်မတော်၏လက်နက်ကြီးကျည်ကြောင့် ပွဲချင်းပြီးသေဆုံးခဲ့သည်။

ထို့အပြင် ဦးချက်တင် (အသက်-၅၅ နှစ်)၊ မလှလှနွယ်( အသက်-၃၈ နှစ်) နှင့် မသူဇာငြိမ်း ( ၁ နှစ် ၈ လအရွယ်ကလေး) များမှာ လက်နက်ကြီးအစများ ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။



မြန်မာ့တပ်မတော် ၏အမြောက်စခန်းများမှလက်နက်ကြီးများ၊ ရေတပ်သင်္ဘော ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်များပေါ်မှ ရမ်းကားပစ်ခတ်တိုက်ခိုက်မှုများအပြင် ၎င်းတို့၏ဖြတ်လေးဖြတ်စစ်ဆင်ရေး၊ ခြိမ်းခြောက်ပြောဆိုမှုများကြောင့် ရွာပေါင်း(၂၀) ခန့် မှ ရွာသူရွာသားများမှာ မည်သည့်တိုက်ပွဲမျှဖြစ်ပွားခြင်းမရှိဘဲ စစ်ဘေးရှောင်များဖြစ်သွားကြရပြီးဖြစ်သည်။

ထို့အပြင် အခြားမြို့နယ်များအတွင်း၌လည်း မြန်မာ့တပ်မတော်၏ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူလူထုများ ထိခိုက်၊သေဆုံးမှုများရှိခဲ့သည်။ အရေအတွက်များမှာလည်း ပိုမိုမြင့်တက်လျက်ရှိသည်။

အခြားတစ်ဖက်တွင်မြန်မာ့တပ်မတော်သည် စစ်ဆင်ရေးများကိုလည်းနေရာအနှံ့ အချိန်မြှင့်ကာ ပြုလုပ်နေသောကြောင့် ယခုရက်များအတွင်းတိုက်ပွဲများမှာ ဆက်လက်ပြင်းထန်လျက်ရှိသည်။ မိမိတို့အနေဖြင့် တိုက်ပွဲများမဖြစ်ပွားလိုသော်လည်း မြန်မာ့တပ်မတော်မှ ယခုကဲ့သို့ ကြီးမားသောထိုးစစ်များကို အရှိန်အဟုန်မြှင့်ဆက်လက်လုပ်ဆောင်နေသောကြောင့် မိမိကိုယ်မိမိခုခံကာကွယ်စစ်များဖြင့် တုံ့ပြန်တိုက်ခိုက် သွားမည်ဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this