မြန်မာဖက်ဆစ်နယ်ချဲ့အကြမ်းဖက်တပ်မတော်မှ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်သောကြောင့် လယ်ကွင်း၌ရှိနေသော အပြစ်မဲ့ လူငယ် ကျောင်းဆရာတစ်ဦးသေဆုံး

blog

Date : 24-Oct-2020

Nyo Twan Awng

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁၉) ရက်နေ့ နေ့လယ် (၁၁) နာရီ (၅၀) မိနစ်ခန့်အချိန်တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင် အခြေစိုက် ခမရ (၅၃၇) တပ်ရင်းမှ ပစ်ခတ်တိုက်ခိုက်သော လက်နက်ကြီးကျည် ထိမှန်၍ ရသေ့တောင်မြို့နယ်၊ ရွာသစ်ကေကျေးရွာမှ အသက် (၂၁) နှစ် အရွယ်မူလတန်းပြ ကျောင်းဆရာတစ်ဦးဖြစ်သူ မောင်မျိုးဆက်နိုင်ဦး (ခေါ်) မောင်မောင်ဦး (၂၁-နှစ်) မှာ လက်နက်ကြီးကျည်ဆံထိမှန်မှုကြောင့် ဦးခေါင်း၊ မျက်နှာတွင် ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။

အဆိုပါ ကျောင်းဆရာသည် လယ်ကွင်းထဲ၌ နွားများကို ရေတိုက်ရန်အသွားတွင် လက်နက်ကြီးစထိမှန် ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်ကာလ၌ အဆိုပါပတ်ဝန်းကျင်၌ တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခဲ့ခြင်းမရှိချေ။ ကျောင်းဆရာသည် ရသေ့တောင်မှ စစ်တွေဆေးရုံသို့ပို့ဆောင်ရန်အသွား လမ်း၌သေဆုံးသွားခဲ့သည်။



၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၈) ရက်နေ့၌လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြန်မာဖက်ဆစ်နယ်ချဲ့ အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင်း မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာတွင်းသို့ ကျရောက်ပေါက်ကွဲကာ ကျောင်းဆရာမ မိုးသဇင် (၂၉ နှစ်) နှင့် ၎င်း၏ သမီးဖြစ်သူ မသူသူဟိန်း (၅) နှစ်တို့ အပါအဝင် အပြစ်မဲ့အရပ်သား (၄) ဦး သေဆုံးကာ ၊ (၈) ဦးဒဏ်ရာရရှိခဲ့သောဖြစ်ရပ်ရှိခဲ့သည်။ သေဆုံးသူ ကျောင်းဆရာမသည် ကိုယ်ဝန်သည်တစ်ဦးလည်းဖြစ်သည်။



ထို့အပြင် ဖက်ဆစ်နယ်ချဲ့စစ်တပ်သည် ပညာရေးဌာနမှ ကျောင်းဆရာများကို အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးခြင်းများကိုပြုလုပ်နေခဲ့သည်။ မြန်မာနိုင်ငံ ကျောင်းဆရာ၊ ဆရာမများအသင်းမှ အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ မည်သည့်ထုတ်ပြန်ချက်မျှ ထုတ်ပြန်သည်ကိုမတွေ့ရချေ။



ကျောင်းဆရာ၊ ဆရာမများကိုပါ ဦးတည်သတ်ဖြတ်နေသော စစ်ရာဇဝတ်ကောင်များ၏လုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချသည်။ ရခိုင့်အနာဂတ်မျိုးဆက်နှင့် ရခိုင်လူမျိုးများကို ဦးတည်သတ်ဖြတ်နေသော ဖက်ဆစ်နယ်ချဲ့စစ်ရာဇဝတ်ကောင်များကို ရခိုင်ပြည်သူလူထုတစ်ရပ်လုံးမှ စက်ဆုတ်ရွံရှာပြီး ရခိုင်ပြည်အတွင်းမှ အမြန်ဆုံးထွက်ခွာရန်လိုလားလျက်ရှိကြသည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this