လက္ကာကျေးရွာ အတွင်းမှ အိမ်ပေါင်း(၂၀၀) ကျော်အား မြန်မာ့တပ်မတော်မှ မီးရှို့ဖျက်ဆီးသည့်သတင်း

blog

Date : 20-May-2020

Nyo Twan Awng

ရခိုင်ပြည်၊မြောက်ဦးမြို့နယ်၊လက္ကာရွာအတွင်းသို့ မြန်မာ့တပ်မတော်မှ လက်နက်ကြီးများဖြင့်ပစ်ခတ် တိုက်ခိုက်ပြီးနောက် လူနေအိမ်(၂၀၀) ကျော်အားမီးရှို့ဖျက်ဆီးခဲ့ပြီး ရက္ခိုင့်တပ်တော်မှ ပြုလုပ်သည်ဟု စွပ်စွဲပြောဆိုချက်နှင့် ပတ်သက်၍ ဟုတ်မှန်မှုမရှိကြောင်းငြင်းဆိုချက် နှင့် ဖြစ်စဉ်ဖြစ်ရပ်မှန်အား ရှင်းလင်းချက်

၂၀၂၀ ပြည့်နှစ်၊ မေလ(၁၉) ရက်

မြန်မာ့တပ်မတော်၏ တပ်မ(၄၄) လက်အောက်ခံ ဘီးလင်းအခြေစိုက် ၊ခလရ(၈) တပ်ရင်း၏ အင်အား(၁၀၀) ခန့်ပါစစ်ကြောင်းသည် ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ လက္ကာရွာတောင်ဖက်၊မီတာ(၄၀၀) ခန့်အကွာအဝေးရှိမိမိတို့ ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များရှိရာသို့ဝင်ရောက်တိုက်ခိုက်လာသောကြောင့် ၂၀၂၀ ပြည့်နှစ်၊ မေလ(၁၆) ရက်နေ့၊ နေ့လည်(၁) နာရီ(၄၀) မိနစ်တွင် မိနစ်အနည်းငယ်ကြာထိတွေ့မှုဖြစ်ပွားခဲ့သည်။ မိမိတို့အနေဖြင့်တိုက်ပွဲမဖြစ်ပွားလိုသောကြောင့် ယခင်ရှိသည့်နေရာမှ နောက်သို့အနည်းငယ်ဆုတ်ခဲ့သည်။ ထို့ကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ခြင်းမရှိတော့ပါ။



တိုက်ပွဲဆက်လက်မဖြစ်ပွားသော်လည်း ခလရ(၈) တပ်ရင်းသည် အဆိုပါထိတွေ့မှုဖြစ်ပွားခဲ့သည့်နေရာမှ လက္ကာရွာအတွင်းသို့လက်နက်ကြီးများဖြင့်တမင်တကာလူမျိုးရေးအမုန်းတရားများဖြင့်ရည်ရွယ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် လက္ကာရွာအတွင်းမှ လူနေအိမ်အချို့မှာ လက်နက်ကြီးထိမှန်မှုကြောင့်မီးလောင်ပျက်စီးခဲ့သည်။ ထို့အပြင် ခလရ(၈) တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် ရွာသူ၊ရွာသားများမရှိတော့သည့် လက္ကာရွာအတွင်းဝင်ရောက်ပြီး အခြားသောလူနေအိမ်အချို့အားထပ်မံမီးရှို့ခဲ့သည်။ ဘုန်းကြီးကျောင်း၊စာသင်ကျောင်း၊ စပါးကျီများ၊ ပရိဘောဂအသုံးအဆောင်များအပါအဝင်လူနေအိမ်(၂၀၀) ကျော်မှာမီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ကာလတန်ဖိုးအားဖြင့် မြန်မာငွေကျပ် ခန့်မှန်း သိန်းပေါင်း(၁၅၀၀၀)ကျော်ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

ထို့အပြင် ခလရ(၈) သည် စွန့်လွှတ်မိုင်း၊ တိုက်မိုင်းများကို  လက္ကာကျေးရွာအတွင်းထောင်ထားခဲ့သည်။










လက္ကာကျေးရွာသည် အိမ်ခြေ(၂၇၈) ဆောင်ရှိပြီး မြန်မာ့တပ်မတော်၏ ဖမ်းဆီးသတ်ဖြတ်မှုဒဏ်ကိုကြောက်လန့်၍ ရွာလုံးကျွတ်တိမ်းရှောင်ထွက်ပြေးနေကြရသည့်ရွာတစ်ရွာဖြစ်သည်။ ဤကဲ့သို့ ရွာလုံးကျွတ်တိမ်းရှောင်နေရသည်မှာ တစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်သည်။ ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်း လက္ကာရွာသား (၂၇) ဦးအား ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်ပတ်သက်သည်ဟူသောသံယဖြင့်ဖမ်းဆီးစစ်ဆေးနေစဉ်အတွင်းရွာသား(၃) ဦးမှာ မြန်မာ့တပ်မတော်၏ သတ်ဖြတ်ခြင်းကိုခံခဲ့ရသည်။ အဆိုပါအပြစ်မဲ့ရွာသူ၊ရွာသား(၃) ဦးသေဆုံးပြီး အချို့မှာ မြန်မာ့တပ်မတော်၏ရိုက်နှက်စစ်ဆေးဒဏ်ကြောင့် ကိုယ်လက်အင်္ဂါ၊ စိတ်ပိုင်းဆိုင်ရာတို့မှာ ထိခိုက်ပျက်စီးနေဆဲဖြစ်သည်။ လက္ကာရွာသားများသေဆုံးခြင်းနှင့်ပတ်သက်၍တရားမျှတမှုမရရှိသည့်အပြင်အမှန်တရားများမှာ ဖျောက်ဖျက်ခံနေရဆဲဖြစ်သည်။

မြန်မာ့တပ်မတော်သည် ၎င်းတို့ကျူးလွန်သည့် စစ်ရာဇဝတ်မှုများကို မိမိတို့အဖွဲ့အစည်းမှ ပြုလုပ်ခဲ့သည်ဟု တစ်ဖက်သတ်စွပ်စွဲပြောဆိုနေရုံသာမက မြန်မာ့တပ်မတော်ပိုင်သတင်းမီဒီယာများ နှင့် မြန်မာ့တပ်မတော်၏ကျောထောက်နောက်ခံသတင်းမီဒီယာများ၌ အဆိုပါ လက္ကာရွာကိစ္စနှင့်ပတ်သက်၍ မဟုတ်မမှန်သောသတင်းကိုရေးသားနေကြသည်။ ဤသည်မှာ ၎င်းတို့ကျူးလွန်သည့်ပြစ်မှုကိုတစ်ဖက်အဖွဲ့အစည်းအား အပြစ်ပုံချရန်ကြိုးစားသည့်လုပ်ရပ်သာဖြစ်သည်။

မြန်မာ့တပ်မတော်သည် ရခိုင်၊ ပလက်ဝ ဒေသအတွင်း၌ ကျေးရွာကြီးများကို ရဟတ်ယာဉ်၊ဂျက်တိုက်လေယာဉ်များဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ရွာလုံးကျွတ်မီးရှို့ခြင်းများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း ၎င်းတို့ကျူးလွန်ခဲ့ခြင်းမဟုတ်ဟုသာ အကြိမ်တိုင်းငြင်းဆန်ခဲ့သည်။ လက္ကာကျေးရွာအား ခလရ(၈) မှ မီးရှို့ဖျက်ဆီးခဲ့ခြင်းမှာလည်း ယခင်နည်းတူ လုပ်လေ့လုပ်ထရှိသောအလုပ်တစ်ခုကိုလုပ်ဆောင်ခြင်းသာဖြစ်သည်။ ထို့ကြောင့် လက္ကာရွာအား မီးရှို့ခဲ့သည့် တရားခံမှာ မိမိတို့မဟုတ်ဘဲ ခလရ(၈) တပ်ရင်းသာဖြစ်ပါသည်။

မြန်မာ့တပ်မတော်၏ ဖမ်းဆီးနှိပ်စက်ခြင်း၊သတ်ဖြတ်ခြင်းအန္တရာယ်အားကြောက်လန့်၍ရွာလုံးကျွတ်တိမ်းရှောင်နေကြ၍ ရွာသူရွာသားများမရှိသည့် လက္ကာကျေးရွာအတွင်းသို့မြန်မာ့တပ်မတော်၏ ဘီးလင်းအခြေစိုက်၊ ခလရ(၈) တပ်ရင်းမှ လက်နက်ကြီးများဖြင့်ဦးစွာပစ်ခတ်တိုက်ခိုက်ပြီးနောက် လူနေအိမ်အချို့အားထပ်မံမီးရှို့ဖျက်ဆီးခဲ့သောလုပ်ရပ်အား ရခိုင်ပြည်သူလူထု နှင့် ရက္ခိုင့်တပ်တော်တို့မှ မည်သည့်အခါတွင်မျှ မေ့ပျောက်၍ ရလိမ့်မည်မဟုတ်ပါ။ ရက္ခိုင့်တပ်တော်အနေဖြင့် ရခိုင်ကျေးရွာများကို လူမျိုးရေးအမုန်းတရားများဖြင့် မီးရှို့ဖျက်ဆီးနေသော မြန်မာ့တပ်မတော်၏ တပ်မ၊ တပ်ရင်းများကို လက်စားချေတုံ့ပြန်တိုက်ခိုက်သွားမည်။


သတင်းနှင့် ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this