မတ်လ(၂၉) ရက်နေ့တွင် မိမိတို့အဖို့ တိုက်ပွဲကြီးကြီးမားမားမရှိခဲ့သော်လည်း စစ်ရာဇဝတ်တပ်ဖွဲ့ မြန်မာ့တပ်မတော်မှ လေကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နေရာအနှံ့ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှု အနည်းငယ်ရှိခဲ့သည်။
အမ်းမြို့နယ်၊ ကျောက်ဆင်ကျေးရွာ၏ အနောက်တောင်ဖက်(၁) ကီလိုမီတာအကွာအဝေးတွင် မြန်မာ့တပ်မတော်၏ စကခ(၅) လက်အောက်ခံ၊ အမ်းအခြေစိုက်၊ ဗိုလ်မှူး-ဟန်ထွန်းဦးဆောင်သော ခမရ(၃၇၁) တပ်ရင်း၊ စစ်ကြောင်း(၁) မှ မိမိတို့အားထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် မတ်လ(၃၀) ရက်၊နေ့လယ်(၃) နာရီ(၃၀) မိနစ်မှ ည(၆) နာရီခန့်အထိ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည်။ ရန်သူသည် စစ်ကြောင်းနှစ်ကြောင်းဖြင့်မိမိတို့အားလာရောက်တိုက်ခိုက်ခဲ့သော်လည်း ရက္ခိုင့်တပ်တော်မှ အကောင်းဆုံးခုခံတိုက်ခိုက်နိုင်ခဲ့သည်။ ရန်သူသည် မတ်လ(၃၁) ရက်၊ နံနက်(၆) နာရီခန့်မှစတင်ပြီး ထပ်မံတိုက်ခိုက်လာခဲ့သောကြောင့် အဆိုပါနေရာ၌ ခမရ(၃၇၁) နှင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်။
တိုက်ပွဲ(၂) ရက်တာကာလအတွင်း ရန်သူ့တပ်-ခမရ(၃၇၁) တပ်ရင်းထံမှ ခြင်းတောင်း(၁၅) တောင်းအပါအဝင် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကိုသိမ်းဆည်းရမိခဲ့သည်။ ရန်သူ့ဖက်မှ (၁၀) ဦးအထက်သေဆုံးကာထိခိုက်ဒဏ်ရာရသူအချို့လည်းရှိခဲ့သည်။ မိမိတို့ဖက်မှလည်း အာရက္ခစစ်သည်အချို့တိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပေးဆပ်စွန့်လွှတ်ခဲ့သည်။ တိုက်ပွဲအတွင်း ထူးချွန်ပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သော အာရက္ခစစ်သည်တော်များအား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
မတ်လ(၃၀) ရက်နေ့တွင် စစ်ရာဇဝတ်နယ်ချဲ့သောင်းကျန်းသူမြန်မာ့တပ်မတော်သည် မင်းပြားမြို့နယ်၊ မေလွမ်းကျေးရွာ နှင့် ကြိမ်ချောင်းရွာ (မေလွမ်းရွာတစ်ဖက်ကမ်း) အနီးပတ်ဝန်းကျင်များအား ရဟတ်ယာဉ်(၂) စီးဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် မေလွမ်းရွာ၊ စာသင်ကျောင်းအနီး စက်သေနတ်၊ရော့ကတ်များကျရောက်ပေါက်ကွဲခဲ့သည်။ ထို့ကြောင့် အသက်(၁၆) နှစ်အရွယ် မောင်ညိုမင်းနိုင်မှာ သေဆုံးခဲ့ပြီး သူ၏မိဘနှစ်ပါးဖြစ်ကြသောဦးအောင်ကျော်စိန်ချေ( အသက်-၅၁) နှစ် နှင့် ဒေါ်ခင်တင်(၅၃-နှစ်) တို့မှာ ကျည်ဆံများထိမှန်၍ ဒဏ်ရာရမှုများရှိခဲ့သည်။
တိုက်ပွဲနောက်ဆက်တွဲများရှိပါကဆက်လက်တင်ပေးသွားပါမည်။
သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်